ေကောင်းနေသောမြန်မာနိုင်ငံမှလူငယ်တို့၏အနာဂတ်
ကျွန်တော့်ညီ အသက်၁၈ မပြည့်သေးဘူး ၊ ဆေးလိပ်ပေါ်ပေါ်တင်တင်သောက်နေပြီ။ Night Club တွေတတ်နေပြီ၊ ပါတီတွေ တတ်တယ်၊ အရက်တွေသောက်နေပြီ။ အဲဒါတွေ သိတော့မှ အသိတရားရတယ်။ အစက ကိုယ်နဲ့မဆိုင်သလိုပဲ ဂရုမစိုက်ခဲ့ဘူး။အတ္တကြီးတယ်ပဲ ပြောရတော့မှာပေါ့။ သူ့လို လူငယ်တွေ မြန်မာနိုင်ငံမှာ ဘယ်လောက်များနေပြီလဲ လို့။
ဝန်ခံပါတယ်။ ကျွန်တော်လည်း ၁၀ တန်းကျောင်းသား ဘဝမှာ ဆေးလိပ်စသောက်တယ် အရက်စသောက်နေပြီ။ဒါတောင် ကျွန်တော် ၁၀တန်းမှ ဒါတွေ စလုပ်တာ နောက်တောင်ကျနေပြီ၊ ကျောင်းက တစ်ခြားသူတွေဆို ချောင်းဆိုးပျောက်ဆေးတွေ သောက်တယ်၊ကျောင်းကို Beer ယူပြီးသောက်တာ မိလို့ ကျောင်းတွေထုတ်ခံရတယ်။
ရှိုးပွဲသွားတယ် Beer ခွက်နဲ့ တစ်ခါတစ်လေ ဘယ်ကနေဘယ်လို ရမှန်းမသိတဲ့ ဆေးခြောက်၊ မသောက်ရင်ပဲ စတိုင် မရှိ ခေတ်နောက်ကျမှာ ဆိုးလို့ သောက်တယ် လုပ်တယ် အမောပဲ။Show ပွဲ ပြီး ရင် ညဘက် ကလပ်တက်ပါတယ် လူကြီးတွေနဲ့ ရောယောင်ပြီးတော့။ ယုံလားတော့ မသိဘူး။ ၁၀တန်းကျောင်းသား ပိန်ပိန်သေးသေး ဘယ်လိုမှ ၁၈ မဟုတ်မှန်း သိသာ တယ်။ ဒါပေမဲ့ ဘာဖြစ်လည်း ကိုယ်နဲ့ပါလာတဲ့အကြီးတွေက VIP တွေလေ ဘယ်လောက်တောင် အဲ့မှာ သုံးဖြုန်းထားမှန်းမှမသိတာ။အေးဆေးပေါ့ ရင်ကော့ပြီးလိုက်ဝင်သွားတယ်။
၁၀တန်းပြီးတယ် ပိုလွတ်လပ်တယ်။ အိမ်မကပ်တော့ဘူး။ အရက်နဲ့ ဆေးလိပ်ကို ပိုခုံမင်လာတယ်။ ညဘက် ကလပ်တတ်ရတာ၊ Show ပွဲသွားရတာ၊ ပါတီတွေတတ်ရတာ၊ မူးရူး ပြဲကွဲ ၊ ပြီးရင် ရန်တွေလိုက်ဖြစ်ရတာ ပျော်လာတယ်။
ဘယ်တတ်နိုင်မလဲ ဈေးပေါပေါ နဲ့ လွယ်လွယ် ရနေတာကို။
နောက်ပိုင်းအပေါင်းအသင်းနည်းနည်းများလာ တော့ မူးယစ်ဆေးဝါး စ စမ်းလာပါတယ်။
"ယာမ" အဲ့ဒါမှ လွဲရင်ကျန်တာ ဘာမှမလုပ်။ အကြိုက်ဆုံးပဲ ၊ အားရှိတယ် တတ်ကြွတယ်၊ စဉ်းစားအားရှိတယ် ဆင်ခြင်မျိုးစုံနဲ့ နှစ်အတော်အကြာ လုပ်ခဲ့တယ်။ ဈေးကြီးတယ်ပြောတယ် ဒါပေမဲ့ နေ့တိုင်းအလကားနီးပါးရတယ်၊ လုံး၀ မကြောက်မရွံ့ ခဲ့ဘူး။ ရန်ကုန်မြို့ မှာ နံမည်ထွက် ဒိတ်ဒိတ်ကြဲ နာမည်ကြီး အလိုချင်ဆုံးစာရင်း ထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ နဲ့ တရင်းတနှီးကို ရှိခဲ့ ပြီး ကိုယ်ကိုယ်တိုင်တောင် ရောင်းတဲ့သူ နံမည်စာရင်းထဲမှာတောင်ပါခဲ့တယ်။
သိုင်းလောက လို့ နာမည်ပြောင်ပေးထားတဲ့ အဲ့ အသိုင်းအဝိုင်း အဲ့လောကမှာ တော်တော်လေးကြာကြာကို ဦးတည်ရာမဲ့ ပြီး တစ်နေ့တစ်နေ့ အဲ့ဒါနဲ့ အချိန်တွေကုန် ခဲ့တယ်။ အမှားအမှန်ကို လုံး၀ မစဉ်းစားဘူး၊ ဘယ်သူ့ကိုမှလဲ ထည့်မတွက်ဘူး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစစ အရာရာအကုန်လုံး ဆုတ်ယုတ်လာတယ်။မိဘမျက်ရည်ကျနေမှန်းလည်း မစဉ်းစားခဲ့ဘူး။ ကိုယ့် ဆွေမျိုး မိသားစု ကိုယ့်ကြောင့် ဂုဏ်သိက္ခာတွေ ကျနေမှန်းလည်း မစဉ်းစားခဲ့ဘူး။ ကိုယ့် အရင် ကအပေါင်းအသင်းတွေ ငယ်သူငယ်ချင်းတွေ ကိုယ့် ကို မပေါင်းရဲတော့ တာလည်း မစဉ်းစားခဲ့ဘူး
ဒီလိုနဲ့ ပဲ.. ကြာလာပြီလေ .. နံမည်တွေက အနံ့ ထွက်လာပြီ၊ ကံအရမ်းကောင်းပါတယ် အဲ့နေ့ က ကျွန်တော် အပြင်မလိုက်သွားတော့ အဖမ်းမခံလိုက်ရပါဘူး။ ကံမကောင်းစွာပဲ အဖမ်းခံလိုက်ရတဲ့ နှစ်ယောက် က ကျွန်တော့်ကို ညီ တစ်ယောက်လို အငယ်တစ်ယောက်မို့ ချစ်ကြတယ် ၊ ရဲတွေ မေးတော့ လိုက်တော့ ကျွန်တော့်ကို လုံး၀ မသက်ဆိုင်ကြောင်း အကာအကွယ်အပြည့် ပေးပြီး ပုတ်ထုတ်သွားတယ်၊ နောက်အေးအေးဆေးဆေးမှ သွားတွေ့ တော့ ကျွန်တော့်ကို အကြောင်းစုံ ပြောပြတယ် ပြီးတော့ သူတို့ ကို သင်ခန်းစာ ယူတော့၊ နောက်မူးယစ်ဆေးဝါးကို ဘယ်တော့မှ မလုပ်နဲ့တော့၊ သူမှာ ရွေးချယ်စရာ စီးပွားရေး မရှိတဲ့အတွက် ဒါကိုလုပ်ရတာဖြစ်ပြီး ကျွန်တော့်မှာ တက်လမ်းတွေး အခွင့်အရေးတွေ ရွေးချယ်စရာတွေ အများကြီးရှိတယ် ဆိုပြီး ကျွန်တော့် ကို ဆုံးမ ပါတယ်။ သူတို့ ကျေးဇူးရှိပါတယ်။
ဒါနဲ့ အရင်လို မဟုတ်တော့ပဲ ဦးတည်ချက်တွေ ပြန်ရှိလာခဲ့ပါတယ်။
ကျွန်တော် အများကြီး ကံကောင်းခဲ့ ပါတယ်။ ကျွန်တော့်လို ကံမကောင်းခဲ့တဲ့ လူငယ်တော်တော်များများ ဟာ ထောင်နန်းစံပြီး ဘ၀ အမည်းစက်ကြီးတွေ စွန်းထင်းခဲ့ ကြတယ်။ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော့် ရဲ့ အရိပ်မည်းကြီး နဲ့ မြန်မာနိုင်ငံ လူငယ်တွေရဲ့ မူးယစ်ဆေးဝါး အခြေအနေတွေပါ။
ဒါတွေမှာ ကျွန်တော့် အမြင်ကို ပြောရရင်-
မူးယစ် အစ ဆေးလိပ်က ဆိုတဲ့ စကား လုံးဝမှန်ပါတယ်.
၁၈ နှစ်မပြည့်သေးတဲ့ သူတွေအတွက် ပိုက်ဆံ ရရင် ပြီးရော လို့ ရောင်းနေတဲ့ ကွမ်းယာဆိုင်တွေရှိနေတယ်၊
စတိုးဆိုင်တွေရှိတယ်၊
ဘီယာဆိုင်တွေ ရှိတယ်၊ ရှိုးပွဲ မှာ ဘီယာတွေကို ရောင်းချင်သလိုရောင်းတယ်၊
ပါတီပွဲတွေ များလာတယ်၊ ၁၈ နှစ်အောက်တွေကို ပေးဝင်တယ်၊ အရက်ပါသောက်ခွင့်ပေးတယ်၊
နိုက်ကလပ်တွေ ပိုက်ဆံရ ရင်၊ အသိုင်းအဝိုင်းကြီးတွေမှာ ၁၈ နှစ်အောက်တွေပါလာရင် ပေးဝင်တယ်၊
စစ်ဆေးအရေးယူမဲ့ ရဲတွေ မရှိခဲ့ဘူး၊ ဥပဒေ တင်းကြပ်မှုမရှိဘူး။ ရဲတွေစီကတောင် မီးညှိ ဖို့ မီးခြစ်တောင်တောင်းဖူးသေးတယ်။
ဆေးလိပ်၊အရက် ဘီယာဈေးတွေ ပေါပေါလောလော ရတယ် ကိုယ့်မုန့်ဖိုးနဲ့ တောင် ကိုယ်ဝယ်လို့ရတယ်။
မူးယစ်ဆေးဝါးပြသနာမှ ဆိုရင်လည်း လာဘ်ပေး ခြစား အာဏာ အလွဲသုံးစားတွေ၊ နောက်ဆုံးပြည်ထဲရေး ရုံးထဲ က ဝန်ထမ်းတွေ ဆီကပါ ကိုယ်ကိုယ်တိုင် ဝယ်ခဲ့ဘူးတယ်၊ အများကြီးကြုံတွေ့ခဲ့ ရတယ်။ ပိုက်ဆံရှိတဲ့ သူတွေ၊ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေ လွတ်ပြီး ပြစ်ဒဏ်သေးတဲ့ သူတွေ အပြစ်ပုံချ ခံရလို့ ပြစ်ဒဏ်ပိုကြီးသွားတာတွေ ကိုယ်ကိုယ် တိုင် ရုံးချိန်းတော်တော် များများလိုက်နားထောင်ဖူးလို့ မြင်တွေ့ ခဲ့ရတယ်။
မူးယစ်ဆေးဝါးရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အားကစား ကို လိုက်စားဖို့ အခြေအနေတွေမပေးခဲ့ဘူး။
ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကအခြေအနေတွေပါ။
အခု အခြေအနေတွေကို ပြောရ ရင်
ခေတ်ကလည်းမှီလာပြီ၊ ပွင့်လည်းပွင့်လင်းလာပြီ၊ ဆက်သွယ်ရေး၊စီးပွားရေး တွေကလည်းကျယ်ပြန့်လာပြီ ဆိုတော့
နိုင်ငံခြား ဆေးလိပ်ကုမ္ပဏီ၊ အရက်ကုမ္ပဏီ၊ ဘီယာကုမ္ပဏီ စက်ရုံတွေ ဝင်လာပြီး ရင်းနှီးမြုပ်နှံမဲ့သတင်းတွေ၊ ကြားရပါတယ်၊ အရာရှိဝန်ကြီး တစ်ယောက်ကလည်း မြန်မာနိုင်ငံသားတွေ အဆင့်မြင့် အရက်ကောင်း၊ အရက်သန့် ၊အရက်စစ်တွေ သောက်ရတော့မယ်ဆိုပြီး မီဒီယာတွေကို စကားဦးသန်းထားပါတယ်၊
အရက်တွေ ဈေးထက်ကြမယ်ဆိုတဲ့ အရိပ်အယောင်တွေ၊
ပါတီပွဲ၊ ရှိုးပွဲတွေ အရင်ကထက် များလာပါတယ်
Bar၊ Night Club၊ Beer ဆိုင် တွေ အသစ်တွေ ပေါ်လာပါတယ်
အသက် ၁၈ နှစ် အောက်တွေ ပေးဝင်ထားတုန်း၊ အရက်၊ဘီယာနဲ့ ဆေးလိပ်တွေကို ပေးသောက်မြဲ၊ လွယ်လွယ်နဲ့ ရောင်းမြဲ၊ စည်းကမ်းတင်းကြပ်မှု၊ အရေးယူမှုတွေ လျော့ရဲနေမြဲ တွေတွေ့နေရပြီး
မူးယစ်ဆေးဝါးမှာ ဆိုရင် လည်း အရင်ကထက် မြန်မာနိုင်ငံထဲကို ဝင်ရောက်မှု တွေ များလာတယ် ဆိုတာ ကို Report တွေ မှာတွေ့နေရပါတယ်။
အဆုံးရွားဆုံး ကတော့ အင်တာနက်လူမှုရေး စာမျက်နှာပေါ်တွေ မှာ မူးယစ်ဆေးဝါးသုံးစွဲနေပုံ၊ မူးယစ်ဆေးဝါးပုံတွေ ကို ဂုဏ်ယူဝင့်ကြွားစွာ တင်လာပြီး ထို လူငယ်တွေကပဲ ကောင်းချီးသြဘာပေး တောင့်တမှု အရိပ်အယောင်တွေ ကို တွေ့လာရပါပြီ။
တာဝန်ရှိသူများ ခင်ဗျား။
နိုင်ငံတိုးတတ်လာပြီး ဖွံဖြိုးပြောင်းလဲနေတဲ့ ဒီမြန်မာနိုင်ငံ ကြီးဟာ နောင်နှစ်ပေါင်းများစွာတွေမှာ လူငယ်တွေက လူကြီးတွေနေရာကို ဝင်ရောက်ပြီး တာဝန်ယူကြရမဲ့ အနာဂတ် လူသားအရင်းအမြစ်တွေပါ။
ဒီလူငယ် လူသားအရင်းအမြစ်တွေ ရဲ့ အနာဂတ်ကို ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။
ဒါ့ကြောင့်အသက် ၁၈ နှစ် အောက်တွေ မူးယစ်သေစာ သုံးစွဲ ခွင့်ကို စည်းကမ်းတင်းကြပ်ပြီး ပြန်လည် ထိန်းသိမ်းပေးပါ။
ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့ အတိုင်း ဘယ်သူကို မဆို ဥပဒေ ချိုးဖောက်လျှင်ထိထိရောက်ရောက် အရေးယူပေးပါ။ ပညာပေးစည်းရုံးပါ။
Night Club များ၊ Bar များကို သေချာတင်းကြပ်ပေးပါ။ နိုင်ငံတိုင်းတွင် သတ်မှတ်ထားသော စည်းကမ်းများရှိပါသည်။
မည်သူ့ ပိုင်လုပ်ငန်းဖြစ်စေ၊ လုပ်ငန်းတိုင်း၊ နေရာတိုင်း ကို ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ပါ။ အသက်မပြည့်သေးတဲ့ လူငယ်တွေ ဥပဒေချိုးဖောက်မှုတွေ ကို လိုက်လံ အရေးယူ ပညာပေးမှုတွေ လုပ်ပါ။ ကူညီ သူများ၊ ရောင်းချသူများကို ပိုမို အရေးယူပါ။ လွယ်လွယ်ရောင်းချတတ်သိ ဆိုင်များကို ပညာပေးမှု များလုပ်ပါ။
ဆေးလိပ်မသောက်ရ နယ်မြေ တွေ သတ်မှတ်ပေးပါ။ မူးယစ်ခွန်တွေကို စိစစ်သတ်မှတ်ပေးပါ။
အားကစားနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာန များပူးပေါင်း၍ အားကစားလိုက်စားမှုကို မြှင့်တင်ရန် စီမံကိန်းများ ချမှတ်ပါ။ အားကစား လွယ်လွယ်နဲ့ လိုက်စားတတ်အောင် အစစ အရာရာ ပံ့ပိုးပေးပါ။
မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့များအား မြှင့်တင်ပြီး ဋ္ဌာန အတွင်း လာဘ်စားမှု၊ အကျင့်ပျက်ခြစားမှု၊ Rule of Law တို့ကို သေချာစိစစ်ပါ။
နိဂုံးချုပ် အဖြစ်ပြောရပါလျှင် ယခု ဖွံဖြိုးတိုးတတ်နေချိန်တွင် လူငယ်တို့ ၏ အနာဂတ်အား ယခု ချိန်တည်းကစပြီး သေသေချာချာ ကြပ်မတ်ပေးပါမှ နောင်လာမည် ခေတ်မှီ ဖွံဖြိုးတိုးတတ်သော မြန်မာနိုင်ငံတော်ကြီး ကို တည်ဆောက်၍ ရမည် ဟုလို့တော့ ကျွန်တော်ယုံကြည်မိပါသည်။
ခေါင်းစဉ်တွင် "ကောင်းနေသော မြန်မာနိုင်ငံမှ လူငယ်တို့၏ အနာဂတ်" မှ "ကောင်း" ဟူသော ဝေါဟာရအား မူးယစ်ဆေးဝါးသူစွဲသူများသုံးလေ့ ရှိသော ဗန်းစကား အရ အရှိန်တတ်နေ သည် ဟူသော အဓိပ္ပါယ် အစား၊ ကောင်းကောင်းမွန်မွန် အကောင်းဆုံးဟူသော အဓိပ္ပါယ် အသုံး အနှုန်း အမြန်ဖြစ်ပေါ်လာပါတော့မည်ဟု ကျွန်တော် ယုံကြည်ပါသည်။
(အကြောင်းရာအချိူ့အား အမည်လွှဲ၊ ပုံစံလွှဲ၍ ရေးသားထားပါသည်။ သို့သော် မူအားဖြင့် မှန်ကန်မှုအပေါ် အခြေခံထားသည်။)


.jpg)
.jpg)